အရိုးထိခိုက်ဖူးသူတွေ Gym ကစားတော့မယ်ဆိုရင်
အရိုးထိခိုက်တာဟာ မတော်တဆ ထိခိုက်မှု၊ အမြင့်တစ်နေရာကနေ ပြုတ်ကျတာ၊ အရိုးပွရောဂါ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်မိတာ၊ ယာဉ်တိုက်မှုဖြစ်တာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အရိုးထိခိုက်ပြီးတဲ့နောက်မှာ တော်တော်များများ တွေးမိတာက လေ့ကျင့်ခန်းလုပ်လို့၊ Gym ကစားလို့ မရတော့ဘူးဆိုတာပါပဲ။ တကယ်တော့ အရိုးကို ထိခိုက်မိလည်း Gym ကစားလို့ရပါသေးတယ်။
အရိုးထိခိုက်ထားတဲ့ ဒဏ်ရာကို အမြန်ဆုံးသက်သာပျောက်ကင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို ဆရာဝန်တွေကိုယ်တိုင် လုပ်ခိုင်းတဲ့အခါ ဆေးရုံဆေးခန်းတွေမှာပဲ သူနာပြု၊ မိသားစုဝင်တွေရဲ့ အကူအညီနဲ့ အရိုးသက်သာစေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ထိခိုက်ထားတဲ့အရိုးကို ပုံမှန်အတိုင်း လျင်မြန်စွာ ပြန်ဆက်နိုင်ဖို့၊ ဒဏ်ရာကို သက်သာစေဖို့နဲ့ ပုံမှန်အတိုင်း လှုပ်ရှားနိုင်ဖို့ မြန်ဆန်စေဖို့အတွက်ပဲ ဖြစ်ပါတယ်။
Gym ကစားတော့မယ်ဆိုရင် ဘာတွေပြင်ထားဖို့လိုမလဲ။
၁။ Personal Trainer တစ်ယောက်ကို သေချာငှားထားပါ။
အရိုးကျိုးတာတင်မဟုတ်ဘဲ တခြားသော ရုပ်ခန္ဓာထိခိုက်မှု၊ ချို့ယွင်းမှုရှိသူတိုင်း Gym ကစားဖို့ တွေးထားတယ်ဆိုရင် ကျွမ်းကျင်တဲ့ PT နဲ့ စနစ်တကျ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒါမှပဲ တစ်ချိန်ကထိခိုက်ခဲ့ဖူးတဲ့ အရိုး၊ ကြွက်သား စတာတွေကို ဒဏ်မဖြစ်စေဘဲ လေ့ကျင့်ခန်းရဲ့ အကျိုးထူးကို အပြည့်အဝ ခံစားရစေမှာပါ။
၂။ ကိုယ့်ရဲ့ အရိုးပြဿနာကို သေချာပြောပြထားပါ။
တစ်ချိန်က အရိုးကို ဘာအကြောင်းကြောင့် ထိခိုက်မိတာ၊ ဘယ်လောက်ကြာအောင် ကုသမှုခံယူခဲ့တာ၊ ထိခိုက်မှု ဘယ်လောက်ထိ ပြင်းထန်ခဲ့တာ၊ လက်ရှိအချိန်မှာ အရိုးရဲ့ အခြေအနေ၊ ကိုယ်ဘယ်လောက်ထိ လှုပ်ရှားနိုင်လဲ စတဲ့အချက်တွေအားလုံးကို ကိုယ့်ရဲ့ PT ဆရာကို သေချာပြောပြထားပြီး သင့်တော်တဲ့ လေ့ကျင့်ခန်း၊ စားသောက်မှုပုံစံတွေကို ပလန်ချထားခိုင်းသင့်ပါတယ်။
၃။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းမျိုးနဲ့ စတင်ပါ။
အရိုးထိခိုက်မိလို့ ဆေးရုံတက်ရချိန်မှာ ကိုယ်လက်လှုပ်ရှားမှုနဲ့ရော Gym နဲ့ပါ တော်တော်အလှမ်းဝေးသွားပြီဖြစ်လို့ ဒီလုပ်ငန်းစဉ်တွေနဲ့ ပြန်အသားကျဖို့ဆိုရင် ဖြည်းဖြည်းချင်း အချိန်ယူဖို့ အရေးကြီးပါတယ်။ ဒီအတွက် အစပိုင်းမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ လှေကားထစ်တက်တာအပြင် အေရိုးဗစ်လေ့ကျင့်ခန်းတွေလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကို အရင်လုပ်သင့်ပါတယ်။
၄။ လေ့ကျင့်ခန်းသုံး ပစ္စည်းတွေကို သေချာရွေးချယ်ပါ။
လေ့ကျင့်ခန်း၊ အားကစားလုပ်တဲ့အခါ မတော်တဆ ထိခိုက်နိုင်ခြေရှိတဲ့အတွက် ကိုယ့်အတွက် အရိုးထိခိုက်နိုင်ခြေကို လျော့နည်းစေဖို့နဲ့ မလိုလားအပ်တဲ့ပြဿနာတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးတဲ့ လေ့ကျင့်ခန်းသုံးပစ္စည်းတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အကယ်လို့ ကိုယ်က ဘယ်လိုပစ္စည်းတွေ ဝယ်ယူသင့်လဲဆိုတာ မသိရင် နည်းပြဆရာကိုဖြစ်စေ၊ ကိုယ့်အရိုးနဲ့ပတ်သက်ပြီး ပြခဲ့တဲ့ ဆရာဝန်ကိုလည်း မေးမြန်းနိုင်ပါတယ်။
၅။ အလေးမတာတွေကို ရှောင်ပါ။
ကိုယ်က ဘယ်လောက်ပဲ လုပ်ချင်စိတ်ပြင်းပြနေပါစေ၊ ခန္ဓာကိုယ်က မလိုက်နိုင်တဲ့အရာကို အတင်းလုပ်ယူခြင်းက ထိခိုက်နစ်နာစေမှုတွေကိုပဲ ပိုတိုးသွားစေမှာပါ။ ဒါကြောင့် မလိုအပ်တဲ့ အလေးမတာ၊ Gym စက်တွေနဲ့ လေ့ကျင့်ခန်းအပြင်းအထန်လုပ်မယ့်အစား ပေါ့ပါးတဲ့ လေ့ကျင့်ခန်းမျိုးတွေကိုသာ စနစ်တကျလုပ်ပေးတာက ကိုယ့်အရိုး မထိခိုက်အောင် ကူညီပေးရာရောက်ပါတယ်။
၆။ အရိုးနဲ့ ကြွက်သားအတွက် အာဟာရဖြစ်စေတဲ့ အစားအစာတွေကို သေချာစားပေးပါ။
Gym ကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ၊ ကိုယ်က အရိုးကိုထိခိုက်ဖူးသူတစ်ယောက်ဖြစ်တဲ့အတွက် ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့အစားအစာတွေကို စားပေးပြီး အရိုးကျန်းမာရေးကို ပိုကောင်းအောင် လုပ်ပေးပါ။ ပရိုတင်းဓာတ်တွေကို များများစားပေးခြင်းဖြင့် ကြွက်သားထုတက်အောင် လုပ်ပေးပြီး မတော်တဆ အရိုးကို ထိခိုက်နိုင်ခြေကို လျှော့ချပေးပါ။
ပုံမှန်အားဖြင့် တကယ်ကျွမ်းကျင်တဲ့ PT ဆရာတစ်ယောက်က ကိုယ့်ရဲ့အရိုးအဆစ်နဲ့ ကျန်းမာရေးအခြေအနေအလိုက် အသင့်တော်ဆုံးဖြစ်မယ့် လေ့ကျင့်ခန်းနဲ့ စားသောက်နေထိုင်မှုပုံစံကို သေချာညွှန်းပေးနိုင်ပါတယ်။ ကိုယ့်ရဲ့အရိုးဟာ လုံးဝသက်သာပျောက်ကင်းသွားပြီး ပုံမှန်လူတစ်ယောက်လို လှုပ်ရှားနိုင်ပြီဆိုမှ တခြား Gym လေ့ကျင့်ခန်းတွေကို ပြန်စတာ အကောင်းဆုံးပါပဲ။
ရေးသားသူ - ရဲမျိုးမြတ်